အဓိကအကြောင်းအရာသို့ သွားမည်
x

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ သွားရောက်မည့် ကယားပြည်နယ် ကိုယ်စားပြုအဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်ခြင်း

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ သွားရောက်မည့် ကယားပြည်နယ် ကိုယ်စားပြုအဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အတွက် ပြည်နယ်အနေဖြင့် ဂုဏ်ပြုအလှပြယာဉ် ၊ ပြည်နယ်ကိုယ်စားပြုပြခန်း ၊ ရိုးရာအစားအသောက်ပြခန်းနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင် ၊ ပြည်နယ်ကိုယ်စားပြုအကအဖွဲ့စသည့် ကဏ္ဍများဖြင့် ပါဝင်ဆင်နွဲ နိုင်ရန်နှင့် ပြည်နယ်ကိုယ်စားပြု တာဝန်ပေးအပ်ထားသူများအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ၊ အုပ်ချုပ်မှုကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့မှ စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ၊ အုပ်ချုပ်ကြီးကြပ်သူများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အကအဖွဲ့ဝင်များက သတ်မှတ်စည်းကမ်းများ ကိုအထူးလိုက်နာပြီး မိမိတို့၏ ကျန်းမာရေးကို ဂရုပြုကြရမည်ဖြစ်ကြောင်း ၊ ပြည်နယ်အနေဖြင့် ဂုဏ်ယူရမည့် လုပ်ငန်းတစ်ခုဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် မိမိတို့၏တာဝန်များကို အောင်မြင် အောင်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်ဂုဏ်ပြုယာဉ်အဖွဲ့ ၊ ပြခန်း ၊ ရိုးရာအစားအသောက် နှင့် ဒေသထွက်ကုန် ပစ္စည်းများအရောင်းပြခန်း နှင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မည့် အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ သွားရောက်မည့် ကယားပြည်နယ် ကိုယ်စားပြု အကအဖွဲ့ဝင်များ၏ဝတ်စုံပြည့် လေ့ကျင့်ကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အုပ်ချုပ်သူများနှင့် အကအဖွဲ့ဝင် များအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။