အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ စိုက်ပျိုး ၊ မွေးမြူရေး တောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲ ကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်သည် ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများအလိုက် အရည်အသွေးမြင့် ထုတ်ကုန်များ ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း ၊ ကယားပြည်နယ်၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြစ်‌ကြောင်း၊ ပြည်နယ်အတွင်းရှိ မြေနှင့်ရေ သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာ ၊ မျိုး ၊ ရေ ရရှိရေး နှင့်  နည်းပညာပိုင်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန အသီးသီးကကူညီ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ၊ ပြည်နယ်အတွင်း သား/ငါးဖူလုံအောင် ထုတ်လုပ်ပေးနိုင်ရေးအတွက် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည် တစ်အုပ်တစ်မ မွေးမြူနိုင်သည့် အဆင့်ရောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် တီထွင်ဖန်တီးမှုနှင့် နည်းပညာ လိုအပ်ချက် များကို သက်ဆိုင်ရာဌာနများက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးပြီး  MSMEs လုပ်ငန်းများမှထွက်ရှိ လာသည့် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်ရရှိအောင် ကူညီဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသောလုပ်ငန်းရှင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ ကြပြီး စိုက်ပျိုး ၊ မွေးမြူရေး တောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မေးမြန်းကာ လုပ်ငန်းများအဆင်ပြေချောမွေစွာ ဆောင်ရွက်နိုင်ကြစေရေး အကြံပြုပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက “ရေရှည်တည်တံ့သော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက “အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးမှုဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက “ဘေးအန္တရာယ် ကင်းရှင်းပြီး အထွက်နှုန်းကောင်းသော သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရန်အတွက် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက “တန်ဖိုးမြှင့် မွေးမြူရေးထုတ်ကုန် ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက “အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် စီးပွားရေးစီမံကိန်း ရေးဆွဲနည်း” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာများ ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတောင်သူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှု များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။