အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကျင်းပပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ထောက်ပံ့ငွေများ လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက  လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများ ကအဖွင့်ဆုတောင်း မေတ္တာဖြင့် အခမ်းအနားကို စတင်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် ကိုးကွယ်သည့်ဘာသာများ မတူညီသော်လည်း ဘာသာရေး ယုံကြည်ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြားဘာသာဝင်များက အပြန်အလှန် လေးစားကာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဘာသာအသီးသီး၏ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို အလေးထားကြောင်း ၊ ပြည်သူများ၏ အေးချမ်းစွာဖြင့် နေထိုင်နိုင်ရေးနှင့်    ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

၎င်းနောက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုးက မိတ်ဆက်စကားပြောကြားပြီး ကက်သလစ်အသင်းတော်မှ ဖာရ်သာချဲဆိုဘရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ဇုံ ခရစ်ယာန် ဘုရားကျောင်းများ အတွက်လည်းကောင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က ဒီးမော့ဆိုဇုံ ခရစ်ယာန် ဘုရားကျောင်းများအတွက် လည်းကောင်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူးက ဖရူဆိုဇုံ ခရစ်ယာန် ဘုရားကျောင်းများအတွက် လည်းကောင်း ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မယ်စဲ့ဇုံ ခရစ်ယာန် ဘုရားကျောင်းများ အတွက်လည်းကောင်း ၊ စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ အသင်းတော်များမှ ဖာရ်သာများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများက ဘာသာရေး ၊ သာသနာရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။