အဓိကအကြောင်းအရာသို့ သွားမည်
x

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ် (၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ် (၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ  ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက အဖွင့်အမှာစကား ပြောကြားရာ တွင်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာ မြင့်မားရေးသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း ၊ သတင်းအချက်လက်နှင့် ဆက်သွယ်ရေး နည်းပညာထွန်းကားသည့် ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး အတွက်နိုင်ငံသားတိုင်း သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပညာရပ်များအား အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်ကြောင်း ၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာ အသုံးချတွင် အခြေခံကျွမ်းကျင်မှုရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် နောက်မကျပဲ တန်းတူရင်ဘောင်တန်း၍ ပါဝင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးတွင်  ကွန်ပျူတာ တက္ကသိုလ်(လွိုင်ကော်)အနေဖြင့် ပြည်နယ်အတွင်း အမှန်လိုအပ်ချက်အား မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍမှ ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း ၊ ဒေသအတွင်း သတင်းအချက်လက် နည်းပညာများ ပြန့်ပွားစေရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး ပြည်သူတို့၏ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးနှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ၊ ဒုတိယပါမောက္ခချုပ်တို့က သင်တန်းသား ၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင် ၂၀၀၉ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်း (တက္ကသိုလ်ဝင်တန်း) အဆင့်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား (၂၃)ကြိမ်မြောက် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၄၆၇)ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ယခုသင်တန်း အပတ်စဉ်(၂၃)အား ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ အခမဲ့သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။