အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ ၊ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော် အစားထိုးရွေးချယ်ခြင်း ၊ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ အစားထိုး ရွေးချယ်ခြင်းအစည်းအဝေးများပြုလုပ်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်က

ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ ၊ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော် အစားထိုးရွေးချယ်ခြင်း ၊ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ အစားထိုး ရွေးချယ်ခြင်းစသည့် အစည်းအဝေးများပြုလုပ်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးများတွင် သဘာပတိတင်မြှောက်ခြင်းများကို ဦးစွာဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးများကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ကာ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော သံဃာတော်များစာရင်းအား ဖတ်ကြား လျှောက်ထားခြင်း ၊ အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေငြာခြင်း ၊ သဘာပတိ ဆရာတော်များက အစည်းအဝေးအဖွင့် ဩဝါဒကထာမြွက်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြပြီးနောက် ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဆရာတော်ကြီးများက သဘာပတိဆရာတော်ကြီးများအဖြစ် ဦးဆောင်ကြပြီး ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော် (၁)ပါး ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၁)ပါးနှင့် ပြည်နယ်သံဃနာယက အဖွဲ့ဆရာတော် (၃)ပါးတို့အား သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း များနှင့်အညီ ရွေးချယ်ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဆရာတော်ကြီးများက နိဂုံးချုပ် ဩဝါဒစကား မြွက်ကြားကာ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိသတ်များက “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု  ”  သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးများကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ကယားပြည်နယ်သို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့  ဆရာတော်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရှိရသည်။