အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခြင်းနှင့် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ လွိုင်ကော်မြို့ ၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌  ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ၊  နယ်စပ်ဒေသတိုင်းရင်းသားသူများ၏ မိသားစုဘဝမြင့်မား လာစေရေးနှင့် မိမိနိုင်ငံအတွင်း လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ အခမဲ့ အသက်မွေးပညာ သင်တန်းများကို တာဝန်ယူ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ၊  အခြေခံ သင်တန်းများပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ ၊ အထည်ချုပ် လုပ်ငန်းရှင်များ နှင့်ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း သင်တန်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာနှင့် အလုပ်အကိုင်များ ရရှိစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က ဖွင့်လှစ်သင်ကြားမည့် သင်တန်းကာလမှာ (၂၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်အတွင်းနှင့် ရှမ်း၊ ကယားနယ်စပ်ရှိ မြို့နယ်အသီးသီးမှ သင်တန်းသူ (၃၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ဘာသာရပ်များ ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များအတွက် ဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၁၆)သိန်း (၅)သောင်း ကိုပေးအပ်ခဲ့သည်။
 ၎င်းနောက် အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မီဒီဇိုင်းလက်ရာများကိုလည်းကောင်း ၊ စာတွေ့လက်တွေ့သင်ကြားပို့ချမည့် သင်တန်းခန်းမများ ၊ အိပ်ဆောင်များနှင့် စားရိပ်သာဆောင်များကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ပြီး ညွှန်ကြားရေးမှူးရုံးခန်းမ ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနနှင့်ဝန်ထမ်းများ၏ လုံခြုံရေးကိစ္စများရပ်များကို အထူးဂရုပြုကြရန် ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဝန်ထမ်းများ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအတွင်းရှိ ဌာနပိုင် စက်ယန္တရားများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။