အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် (၂/၂၂)သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် (၂/၂၂)သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေး ဒီဂရီကောလိပ် ၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ ၊ သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားရာတွင် နိုင်ငံတော်တည်ဆောက်ရေးတွင် အသိပညာ ၊ အတတ်ပညာများပြည့်ဝသည့် မျိုးဆက်သစ် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးသည့် ဆရာ ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ၊ ဆရာ ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေးကို မြှင့်တင်ရန် ခေတ်စနစ်နှင့်အညီ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာ ၊ လိုက်နာသင်ယူနေရမည်ဖြစ်ကြောင်း ၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍသာမက ကျန်းမာရေး ၊ လူမှုရေး ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ကျရာအခန်းကဏ္ဍ အသီးသီးတွင် ပါဝင်ဆောင်ရွက်နိုင်သည့် လူထုအကျိုးပြု သူများအဖြစ် စွမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ၊ သင်တန်းသူ ဆရာ ၊ ဆရာမများ၏ ကျွေးမွေးစရိတ်အတွက် ထပ်ဆောင်းထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ရှိစာသင်ဆောင်များတွင် သင်ကြားနေမှုများ ၊ စက်မှု ၊ ပန်းချီ ၊ ဂီတ ၊ ကာယ ၊ အိမ်တွင်းမှုပညာ နှင့် သိပ္ပံလက်တွေ့ခန်းများ ၊ စာကြည့်တိုက်များသို့ လှည့်လည်ကြည့်ရှုပြီး သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များအပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို မှာကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အရည်အချင်းပြည့်မှီသူ ဆရာ ၊ ဆရာမ စုစုပေါင်း (၁၇၅)ဦး  တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။