အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက် ၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျရှိရေး ၊ လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရေး ၊ သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များနှင့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အမြဲမပြတ်ဆောင်ရွက် ထားရှိရန် ၊ ဝန်ထမ်းများ ၊ မိသားစုဝင်များနှင့် ပြစ်မှုကျခံနေသူများ အားလုံး ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးကို သတ်မှတ်ရက်များတွင် အကြိမ်ပြည့်ထိုးနှံရန်  မှာကြားခဲ့ပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားကုန်များဖြစ်သော ဆန် ၊ ဆီ နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ရာသီဥတုနှင့် သဘာဝဘေးများကြောင့် ပြုပြင်မွမ်းမံရန် လိုအပ်နေသော နေရာများ ၊ အကာအရံ အုတ်တံတိုင်းများ ၊ ဘုရားဖူးလာပြည်သူများ အသုံးပြုသည့် ကြွေပြားခင်း လျှောက်လမ်းနေရာများ ပြုပြင်မွမ်းမံနေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေရှည်ကိုမျှော်မှန်းပြီး ပြုပြင်မွမ်းမံ ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်းသိရသည်။