အဓိကအကြောင်းအရာသို့ သွားမည်
x

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်သတိပေးစနစ်များ ၊ သတင်းအချက်အလက်များ ၊ အကဲဖြတ်မှုများကို လူတိုင်းရယူ အသုံးချနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ကြိုတင်သတိပေးထုတ်ပြန်ချက်များနှင့် အရေးပေါ်တုံ့ပြန်မည့် အစီအမံများကို ပြည်သူများအားလုံး ဆောလျင်စွာ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ၊  အဖွဲ့အစည်းများ ၊ လူမှုရေးအသင်းအဖွဲ့များက မီဒီယာနည်းလမ်းများဖြင့် စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူတစ်ရပ်လုံးတက်ကြွစွာပါဝင်မှုဖြင့် ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများကို Head of UNDRR, Ms.Mami Mizutori ၏ သတင်းစကား Video Messageအား ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ကျောင်းသား ၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ မှတ်တမ်းဗီဒီယိုအား ပြသခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား ၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံပြခန်းများ ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။