အဓိကအကြောင်းအရာသို့ သွားမည်
x

ကိုဗစ်-၁၉ ကူးစက်မြန် အိုမီခရွန်အတွက် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကျင်းပ

ကိုဗစ်-၁၉ ကူးစက်မြန် အိုမီခရွန်အတွက် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်  ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မြန် အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နှင့်ကူးစက်ခံရသူများကို စောင့်ရှောက်ကုသနိုင် ရေးအတွက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပြီး တက်ညီ လက်ညီ ဝိုင်းဝန်းစုပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ၊ နေ့စဉ်စစ်ဆေးမှု များအရ ပိုးတွေ့ရှိသူများ၏ ရောဂါကူးစက်ခံရသည့် အကြောင်းရင်းများနှင့် ခရီးသွားလာခဲ့မှု အခြေအနေ များကိုဆန်းစစ်ဖို့လိုအပ်ကြောင်း ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက် များကို တိတိကျကျလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ကုသရေးနှင့် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ အတွက် လိုအပ်ချက်များကို ပြည်နယ်ကော်မတီ ကအတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ကော်မတီဝင်များက လည်း စဉ်ဆက်မပြတ် ကြိုတင်လေ့လာပြင်ဆင် ထားရန်လိုအပ်ကြောင်း ၊ ရောဂါကုသရေးအတွက် ကျန်းမာရေး အထောက် အကူပစ္စည်းဖြစ်သော အောက်စီဂျင်စက်ကို ဘောလခဲခရိုင်တွင် အသုံးပြုရန်အတွက် ပေးပို့နိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း မြို့နယ်အသီးသီး၌ သတ်မှတ် ကာလအတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ပြည်နယ် အတွင်းတွင် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှု လုံးဝလျော့နည်း ပပျောက်စေရေးအတွက် ကော်မတီဝင် များကလုပ်ငန်းကဏ္ဍ အသီးသီးက ဆောင်ရွက်နေမှုများနှင့် ပြည်နယ်ကော်မတီက ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အခြေအနေများကို နေ့စဉ်တင်ပြရန် ဖြစ်ကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၊ အတွင်းရေးမှူး ၊ ဗိုလ်မှူးကြီးမြင့်ဝေက ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း လက်ရှိဆောင်ရွက်နေမှု အခြေအနေများ ၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီ အဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပေဒချုပ် ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ၊ အတွင်းရေးမှူး ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။