အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၇/၂၀) သင်တန်းဆင်းပွဲအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ဆရာအတတ်ပညာဦးစီးဌာန ၊ ပညာရေးဒီဂရီကောလိပ်မှ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၇/၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲ အချိန်ကလွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်၏ ပညာရေးလုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း တာဝန်ယူကြမည့် မျိုးဆက်သစ် ဆရာ ၊ ဆရာမများကို ပြုစုပျိုးထောင်ပေးသည့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သည် ပြည်နယ်၏ ပညာရေးလုပ်ငန်းများ အတွက် စဉ်ဆက်မပြတ် ဆရာ ၊ ဆရာမများကို မွေးထုတ်နိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ၊ နိုင်ငံတော်အနေဖြင့် အခြေခံပညာကျောင်းများတွင် ဆရာ ၊ ကျောင်းသား အချိုး  ကောင်းမွန်တိုးတက်ရေးနှင့် ဆရာ ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း ၊ အရည်အသွေးပြည့်ဝသော ဆရာ ၊ ဆရာမတစ်ဦးဖြစ်ရန် အသိပညာနှင့် အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည့် အတွက် ဆက်လက်ပြီး လုပ်ငန်းခွင်တွင် စဉ်ဆက်မပြတ် အရည်အသွေးတိုးတက်ကောင်းမွန်အောင် သင်ယူလေ့လာရမည် ဖြစ်ကြောင်း ၊ တာဝန်ထမ်းဆောင်သည့် အချိန်တွင် ကျောင်းသား ၊ ကျောင်းသူ၊ ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးရုံသာမက ရပ်ရွာလူထုကိုပါ အသိပညာပေး ဦးဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း ၊ ပညာရေးသာမကဘဲ ကျန်းမာရေး ၊ လူမှုရေး ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ပြီး လူထုအကျိုးပြု လုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ပေးစေလို ကြောင်း ၊ ၂၁ရာစုခေတ်တွင် ကမ္ဘာကို ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတကာကို မျက်ခြေမပြတ်သော ၂၁ ရာစု ကျွမ်းကျင်မှုစွမ်းရည်များ အပြည့်အဝရရှိနိုင်သည့် ပညာရေးကို အကောင်အထည်ဖော်ရာတွင် ဆရာ ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း ၊ မိမိတာဝန်ကျရာဒေသ၌ တာဝန်ထမ်းဆောင်သည့်အချိန်တွင် ဆရာ ကျင့်ဝတ် ၊ ဆရာစည်းကမ်းနှင့်အညီ စံပြဆရာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နှင့် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍကို ခိုင်ခံ့မြင့်မားအောင် ဆရာ ၊ ဆရာမများအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း ဆရာ၊ ဆရာမ(၅၃)ဦးအား လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်း ဆရာ ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၏လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ သည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်ဥပဒေချုပ် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။