အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ သို့ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ လွိုင်ကော်တပ်နယ် နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်တို့က ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရစ္ဇျာယ် ချီးမြှင့်တော်သော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းတွင် ဘာသာရေးဆိုင်ရာ ပွဲတော်များကို သာသနာတော်ထုံးတမ်း အစဉ်အလာနှင့်အညီ အစဉ်အလာမပြတ်ကျင်းပဆောင်ရွက်နိုင်မှုများ ၊ ပြည်နယ်၏ သာသနာရေးဆိုင်ရာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆရာဒကာ လက်တွဲညီညွတ်စွာဖြင့် ဆောင်ရွက်နေမှုများနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ လွိုင်ကော်တပ်နယ် နှင့် ပြည်နယ်တရားသူကြီးချုပ်တို့က ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပြီး ယနေ့အခမ်းအနားတွင် ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ၊ စုစုပေါင်း (၃၉)ကျောင်းရှိ သံဃာတော် (၃၅၀)ပါးတို့အတွက်  ဆွမ်း ဆန်တော် ၊ ဆီ ၊ ပဲ ၊ ငါးခြောက် ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကျန်းမာရေးဆိုင်ရာ နှာခေါင်းစည်း (Mask)များနှင့် စက်သုံးဆီ တို့ကို လှူဒါန်းပေးခဲ့ရာ လှူဒါန်းမှုအနေဖြင့်  စုစုပေါင်း တန်ဖိုး ကျပ် ၆၆၃၄၅၀၀ ( ခြောက်ဆယ် ခြောက်သိန်း သုံးသောင်း လေးထောင့် ငါးရာ) ဖြစ်ကြောင်းသိရသည်။