အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကဏ္ဍအသီးသီးအလိုက် စွမ်းစွမ်းတမံ တက်ကြွစွာဆောင်ရွက်ကြသူများနှင့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကဏ္ဍအသီးသီးအလိုက် စွမ်းစွမ်းတမံ တက်ကြွစွာဆောင်ရွက်ကြသူများနှင့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုအနေဖြင့် မိမိတို့နိုင်ငံတွင် ၂၀၂၀ခုနှစ် ၊ နှစ်ဦးကာလတွင် ပထမလှိုင်းဖြစ်ပွားခဲ့ပြီး အဆိုပါပထမလှိုင်းတွင် ကယားပြည်နယ်အတွင်း ပိုးတွေ့ရှိခြင်းမရှိဘဲ ရောဂါပိုးကင်းစင်သည့် ပြည်နယ်တစ်ခုဖြစ်ခဲ့ကြောင်း ၊ ကယားပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဒုတိယလှိုင်း ၊ ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တတိယလှိုင်းဖြစ်ပွားခဲ့ရာ ဒုတိယလှိုင်းတွင် ဖြစ်ပွားမှုနည်းပါးခဲ့သော်လည်း တတိယလှိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ကြောင်း ၊ ကယားပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းတွင် ယနေ့အချိန်ထိ ရောဂါဖြစ်ပွားမှု(၅၆၇၂) ဦး ၊ သေဆုံးမှု (၂၂၄) ဦးရှိပြီဖြစ်ကြောင်း ၊ ကယားပြည်နယ်တွင် Quarantine Center ဖွင့်လှစ်မှုအနေဖြင့် လွိုင်ကော်မြို့နယ်တွင် (၁) ခု ၊ ဘောလခဲမြို့နယ်တွင် (၃) ခု ၊ ဖားဆောင်းမြို့နယ်တွင် (၂)ခု ၊ မယ်စဲ့မြို့နယ်တွင် (၁)ခု ၊ စုစုပေါင်း (၇)ခုဖွင့်လှစ်ပြီးရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း ၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ကယားပြည်နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်များအတွက် လျာထား(၂၀၃၉၆၁)ဦးရှိရာ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ပထမအကြိမ်(၅၅၀၅၃)ဦး ၊ ဒုတိယအကြိမ် (၄၂၄၁၁)ဦး ထိုးနှံနိုင်ခဲ့ပြီးဖြစ်ရာ ဒီဇင်ဘာလတွင် လျာထားဦးရေ၏ (၅၀)ရာခိုင်နှုန်း ထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် လျာထား(၁၆၆၅)ဦးရှိရာ ပထမအကြိမ် (၁၇၁၉)ဦး ၊ ဒုတိယအကြိမ် (၆၂၉)ဦး ထိုးနှံခဲ့ပြီဖြစ်ကြောင်း ၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကဏ္ဍအသီးသီး အလိုက်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ (၁၂၄)ဦးအတွက် စုစုပေါင်းငွေကျပ် (၆,၂၀၀,၀၀၀)ကျပ် ၊ ဂုဏ်ပြုထိုက်သူ (၄၁၃)ဦးအတွက် စုစုပေါင်းငွေကျပ် (၁၂,၃၉၀,၀၀၀)ကျပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်(၁၇)ဦးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ၊ လူမှုအသင်းအဖွဲ့များ ၊ Volunteer များ ၊ ပြည်သူများအနေဖြင့် မိမိနိုင်ငံ ၊ မိမိပြည်နယ်အကျိုးအတွက် ဆက်လက်၍လည်း စွမ်းစွမ်းတမံ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး နှင့် ပြည်နယ်အစိုးရအဖွဲ့ ၊အတွင်းရေးမှူး တို့က ကယားပြည်နယ် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ရောဂါကုသရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပေးအပ်ခြင်းအပေါ် ဌာနဆိုင်ရာများကိုယ်စား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် နှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအပေါ် Volunteer များနှင့် စေတနာ့ဝန်ထမ်းများကိုယ်စား ရွှေလွိုင်ကော်ပရဟိတအသင်း ၊ ဦးစောဝဏ္ဏ တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။