အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်တင်မာဝင်း ကလူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီများကို ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းထားပြီး ကလေးသူငယ်များ၏အခွင့်အရေးများ ၊ ကာကွယ်စောင့်ရှောက် ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ၊ ယခုလိုအကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ (TCRC) ကော်မတီအဖွဲ့ဝင်များ ၊ သက်ဆိုင်ရာမြို့နယ်အဆင့်အစိုးရဌာန အဖွဲ့အစည်းများ ၊ စေတနာ့ဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကလေးသူငယ်မှုခင်းများမဖြစ်စေရေး ၊ ကြိုတင်ကာကွယ် နိုင်ရေးအတွက် လုပ်ငန်းစီမံချက် ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ၊ ကာကွယ်စောင့်ရှောက်ရေး အနေဖြင့် ပရဟိတဂေဟာများ ၊ စေတနာ့ဝန်ထမ်းများ ၊ ရပ်ရွာပြည်သူလူထုများအား CRC နှင့်CP အသိပညာပေးသင်တန်းများ ပို့ချပေးလျက်ရှိ ကြောင်း စသည်တို့ကိုရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များက အထွေထွေဆွေးနွေးခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။