အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ဦးဆောင်၍   ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့  နံနက် ၉ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ချမှတ်ထားသော လမ်းညွှန်မှာကြားချက်များအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်  ၊ ဆရာတော် ၊ သံဃာတော်များ၏ ကျန်းမာရေးအထူးဂရုပြုဆောင်ရွက်မှုပေးနိုင်ရေးနှင့် ဆွမ်းကွမ်းဝေယျာဝစ္စများ အဆင်ပြေစေရန် ၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုများ လျော့ကျစေရေးအတွက် စနစ်တကျစောင့်ကြည့်ထိန်းသိမ်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက ဗဟိုကော်မတီသို့ တင်ပြ၍ ရောဂါတွေ့ရှိမှုအပေါ်မူတည်ပြီး သွားလာမှုကန့်သတ်ရေးဆောင်ရွက်ရန် ၊ ပြည်သူများသို့ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေးများထပ်မံရောက်ရှိပါက ကာကွယ်ဆေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် ထိုးပေးရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။