အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်လွှတ်တော်ရုံးတို့၏ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမ္မာန်တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့သည်။
ဆက်လက်၍ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွား သရဇ္စျာယ် ချီးမြှင့်တော်မူခဲ့ပြီး ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ဘုန်းတော်ကြီးကျောင်း (၂၂၆)ကျောင်းမှ ကျောင်းရှိသံဃာတော်အပါး (၁၇၂၄)ပါးနှင့် သီလရှင် ကျောင်း(၃)ကျောင်းမှ ကျောင်းရှိသံဃာတော်အပါး (၁၃၆)ပါး တို့ကို ဝါဆိုသင်္ကန်းများနှင့် သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ဆက်ကပ်လှူဒါန်းမှုများအနေဖြင့် လွိုင်ကော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၂၀)ကျောင်းမှ ရဟန်း/သာမဏေ(၁၄၂၁)ပါး ၊ သီလရှင်ကျောင်း (၃)ကျောင်းမှ သာသနာ့နွယ်ဝင်သီလရှင်(၁၃၀)ပါး ၊ ဒီးမော့ဆိုမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၄၃)ကျောင်းမှ ရဟန်း/သာမဏေ(၁၁၈)ပါး ၊ ဖရူဆိုမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းမှ ရဟန်း/သာမဏေ(၁၉)ပါး ၊ ရှားတော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းမှ ရဟန်း/သာမဏေ(၂၇)ပါး ၊ ဘောလခဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းမှ ရဟန်း/သာမဏေ(၄၉)ပါး ၊ သီလရှင်(၁)ပါး ၊ ဖားဆောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းမှ ရဟန်း/သာမဏေ (၆၁)ပါး ၊ မယ်စဲ့မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းမှ ရဟန်း/သာမဏေ(၂၉)ပါး ၊ သီလရှင် (၅)ပါးတို့အား ဝါဆိုသင်္ကန်းများနှင့် သီလရှင်ဝတ်စုံများကို အသီးသီးဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း ၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှစ၍ ကျောင်းတိုက်အလိုက် သီတင်းသုံး ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များနှင့် သီလရှင်အရေအတွက်တို့ကို စာရင်းကောက်ယူ၍ ဝါဆိုသံဃာစာရင်းရှိအတိုင်း ထပ်တိုးသံဃာတော်များနှင့် သီလရှင်များကိုလည်း ထပ်မံဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်လွှတ်တော်ရုံးတို့၏ ၂၀၂၁ ခုနှစ် ၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆင်ယင်ကျင်းပသကဲ့သို့ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ဝါဆိုသင်္ကန်းများကို ကြိုတင်ပို့ဆောင်မှုပြုထားခဲ့ပြီး ယနေ့အချိန်အခါတွင် ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ တပြိုင်တည်း ကျင်းပပြုလုပ်နေခြင်းဖြစ်ကြောင်း သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၊ ပြည်နယ်တရားလွှတ်တော် ၊ တရားသူကြီးချုပ် ဒေါ်သန်းသန်းအေး နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့သည်။
ထို့နောက် ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်များ နှင့် သီလရှင်ဆရာကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။