Skip to main content
x

လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် လာမည့်ပညာသင်နှစ်မှစ၍ ခရိုင်(၅၀)တွင် အထက်တန်းကျောင်းတစ်ကျောင်းစီဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို တွဲဖက်သင်ကြားပေးမည့်အပြင် MSME စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးသော ကျောင်းများကိုလည်း တို့ချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အနေဖြင့်လည်း လွိုင်ကော်မြို့  ၊ ချိကယ်ရပ်ကွက်ရှိ ၊ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း စက်မှု ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်း ၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသား ၊ ကျောင်းသူများကို စိတ်ဓါတ်ကြံ့ခိုင် ၊ စည်းကမ်းကောင်းမွန်၍ ပညာပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာအောင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပညာရေးဝန်ထမ်းများ ၊ သက်ဆိုင်ရာဌာနများ ၊ မိဘပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါက်တာကျော်လွင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်လင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း ၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ၊ ပညာရေးစုံညီပွဲတော်တွင် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) အသက်(၁၀-၁၅) “ကျား” အဆိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အ.လ.က- ဒေါတမကျောင်းမှ မောင်အောင်ကျော်လင်းက “သျှောင်ပေစူး” သီချင်းဖြင့်လည်းကောင်း ၊ အ.ထ.က-ချိကယ်မှ ကျောင်းသား ၊ ကျောင်းသူများက “ရှင်သန်မြဲစေ” ကယားတိုင်းရင်းသား (၉)မျိုးအကဖြင့် လည်းကောင်း ၊ အ.ထ.က-(၅)လွိုင်ကော်မှ ကျောင်းသား ၊ ကျောင်းသူများက “တောင်ယာဝင်ချိန်”အကဖြင့် လည်းကောင်း ၊ အ.ထ.က(ခွဲ)နမ့်ကွတ်မှ ကျောင်းသား ၊ ကျောင်းသူများက “ပန်းကောက်တေး” အကဖြင့် လည်းကောင်း ၊ အ.မ.က- တပ်တွင်း(၅၄)မှ ကျောင်းသား ၊ ကျောင်းသူများက “မြန်မာ့ကြွေးကြော်သံ” တေးသရုပ်ဖြင့် ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား ၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး ပညာရေးစုံညီပွဲတော် ပြခန်းများတွင် ကျောင်းသား ၊ ကျောင်းသူများ၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ခင်းကျင်းပြသထားရှိမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။