Skip to main content
x

လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ ကယားပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကလေးအလုပ်သမားများ ဖြစ်ရခြင်းအဓိက အကြောင်းအရင်းများမှာ စားဝတ်နေရေးအခက်အခဲများ ၊ ရွေ့ပြောင်းနေထိုင်မှုများ ပိုမိုများပြားလာခြင်း ၊ မူလတန်းအဆင့်ကျောင်း တက်ရောက်မှုနှုန်း လျော့ကျခြင်း ၊ အလုပ်အကိုင် ခက်ခဲခြင်းတို့ဖြစ်ကြောင်း ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များသည် အရေးကြီးသောကြောင့် အန္တရာယ်ရှိသည့် လုပ်ငန်းများ မှကလေးလုပ်သားများဖယ်ရှားခြင်း ၊ စေခိုင်းသူကို ဥပဒေနှင့်အညီစစ်ဆေးအရေးယူခြင်း ၊ လိုအပ်သလို ညွှန်းပို့စနစ် ဆောင်ရွက်ခြင်း ၊ ရှေ့ပြေးစီမံချက်နယ်မြေ သတ်မှတ်ခြင်း ၊ အရည်အသွေးရှိသော လုပ်သားအင်အားရရှိရန် သက်မွေးပညာသင်တန်းများသို့ တက်ရောက်စေပြီး သင့်တော်သော အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၊ ကလေး အလုပ်သမားများ မဖြစ်ပေါ်စေရေးအတွက် ကလေးသူငယ်များအားလုံး ပညာသင်ကြားခွင့်နှင့် ပံ့ပိုးပေးနိုင်မည့် အစီအစဉ်များ ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ကော်မတီဝင်များက သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့်ပြန်လည်ကုစားရေးကော်မတီ အတွင်းရေးမှူး ၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ၊ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား များပယ်ရှားရေး နှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသော ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။