Skip to main content
x

လွိုင်ကော်မြို့၌ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များတက် ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ၊  ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်စေရန်နှင့် ကာကွယ်စောက်ရှောက်ရန်၊ အခြေခံမူ (၄)ရပ်ဖြစ်သော ကလေးသူငယ်၏ အကောင်းအဆိုး အကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ ၊ ခွဲခြားသတ်မှတ်မှု မရှိစေသောမူ ၊ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက် စေသောမူနှင့် ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူ တို့ကိုသက်ဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကလေးသူငယ် အခွင့်အရေး၏ ဘဝဖွံ့ဖြိုး တိုးတက်ရန်နှင့် ကလေးသူငယ်များအပေါ် ကျရောက်မည့် အန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန် သက်ဆိုင်ရာ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ကော်မတီဝင်များအားလုံးပူးပေါင်း ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသောကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအသီးသီးက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို  ဆွေးနွေးတင်ပြခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။