Skip to main content
x

လွိုင်ကော်မြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၂၈)သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း ၊ သင်တန်းသား ၊ သင်တန်းသူများ၏ ဂျူတီကုတ် ၊ ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်(၂၈)သူနာပြု- သားဖွားဒီပလိုမာ(၃)နှစ် သင်တန်း ၊ သင်တန်းသား ၊ သင်တန်းသူများ၏ ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတိုးတက် မြင့်မားလာစေရန်အတွက် သူနာပြုနှင့် သားဖွားကဏ္ဍတိုးတက်ရေး၏ အရေးပါမှု  အခြေအနေများ  ၊ နိုင်ငံတော်မှ တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက်  ကျန်းမာရေးမူဝါဒများကို ချမှတ်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးနေမှု အခြေအနေများ ၊ နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်စေရန် အရည်အချင်း ပြည့်ဝသော သူနာပြုကောင်းများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးနှင့် သူနာပြုများ အနေဖြင့်လည်း လိုက်နာရမည့် ကျင့်ဝတ်များနှင့် အညီ လူနာများကို ပြုစုစောင့်ရှောက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယနှစ်သင်တန်းမှ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု ရရှိသော သင်တန်းသူ များကိုလည်းကောင်း ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၊ ကျောင်းအုပ်ကြီးက ပထမနှစ် သင်တန်းမှ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု ရရှိသော သင်တန်းသူများကိုလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေက  သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များ ၊ ဆက်လက် လေ့လာဆည်းပူးရမည့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နှင့်တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပေးခဲ့သည်။
ထို့နောက် သင်တန်းသား ၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုပြီး ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား ၊ သင်တန်းသူများအား ဆန် ၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။