Skip to main content
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၂ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခမ်းအနား နှင့် အခြေခံပညာ အထက်တန်း ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၂ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခမ်းအနား နှင့် အခြေခံပညာ အထက်တန်း ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ နှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်ထူးခြား လေးနက်သည့်နေ့ဖြစ်ကြောင်း ၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသား အဆင့် ၊ ဒေသအဆင့် လှုပ်ရှားဆောင်ရွက်ကြကြောင်း ၊ ကမ္ဘာ့လူဦးရေ တိုးတက်လာသည် နှင့်အညီ သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူကြခြင်း၊ နည်းပညာများတီထွင်ခြင်း ၊ စက်မှုလက်မှုများဖွံ့ဖြိုး တိုးတက်လာခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာခြင်း ၊ စွန့်ပစ် ပစ္စည်းအမျိုးမျိုးတို့ကို စနစ်တကျ စီမံထိန်းသိမ်းမှု မရှိခြင်း တို့ကြောင့် သယံဇာတများ လျော့နည်းဆုံးရှုံးလာပြီး ၊ သစ်တောများပြုန်းတီးလာခြင်း ၊ ဂေဟစနစ် များပျက်စီးခြင်း ၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း ၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း ၊ ရေထုမြေထုနှင့် လေထုညစ်ညမ်းမှုများ   ၊ သက်ရှိလူနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိခိုက်ပျက်စီးမှုများ လာခြင်းစသည့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာများနှင့် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးဖြစ်စဉ်များသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ကြုံတွေ့ နေရပါကြောင်း ၊ စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ ၊ ဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အနာဂတ်အကျိုးအတွက် စီမံကိန်းများရေးဆွဲပြီး သက်ဆိုင်ရာဌာနများ ကပြည်သူများ နှင့်အတူ ပူးပေါင်းပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည် ။
ဆက်လက်၍  ၂၀၂၂ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “UNEP”မှ ပေးပို့လာ သည့်သဝဏ်လွှာအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ဖတ်ကြား ခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဗိုလ်ချုပ်နီလင်းအောင် နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးတို့က ၂၀၂၂ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် နှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား  ၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၂ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယို အားကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် သစ်တောဦးစီးဌာန တို့ကခင်းကျင်း ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ ၊ သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး  စာအုပ် ၊ စာစောင်များ ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။