Skip to main content
x

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ဩဝါဒခံယူ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ မြို့နာမ်စေတီတော်ကြီး၊ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဩဝါဒစရိယ သီရိမင်္ဂလာပုံဟော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာ က အဖွင့်ဩဝါဒ မြွက်ကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စေတီတော်ရင်ပြင်ပေါ်သို့ ပြုတ်ကျပျက်စီးခဲ့ကြောင်း ၊ မြို့နာမ်စေတီတော်ကြီး၏ စိန်ဖူးတော်အသစ် ပြန်လည်တင်လှူပူဇော်နိုင်ရန်အတွက် စေတီတော်ဩဝါဒါစရိယ ဆရာတော်များထံမှ မေလ ၁၄ ရက်နေ့တွင် ဩဝါဒခံယူခဲ့ပြီး ပင်မရွှေထီးတော်အား ခိုင်ခံမှုရှိ/မရှိ စစ်ဆေးခြင်းကိစ္စကိုလည်း မေလ ၂၂ ရက်နေ့တွင် ပြည်နယ်ဩဝါဒစရိယ သီရိမင်္ဂလာပုံဟော်ကြီးကျောင်း ဆရာတော်ကြီးနှင့် ကျွမ်းကျင်ပညာရှင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ၊ စစ်ဆေးတွေ့ရှိမှုအရ (၂၉)နှစ်တိုင်တည်ရှိနေသော ရွှေထီးတော်၏ မူလသံထည်အရည်အသွေး ကောင်းမွန်နေခြင်းနှင့် တပ်ဆင်ပူဇော်ထားသည့် ပန်းလည်တိုင်နှင့်ထီးတော် ဆက်စပ်ပစ္စည်းများသည်လည်း ရေရှည်ခိုင်ခံ့မှုရှိနေခြင်းတို့ကြောင့် ရွှေရောင်မှေးမှိန်နေသော ထီးတော်အား ရွှေအစစ်ချပြုပြင်မွမ်းမံပြီး စိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်တို့ကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံ အပ်နှံဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ဆရာတော်ဘုရားများရှေ့မှောက်၌ စိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ပူဇော်ထားရှိနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ မြို့နာမ်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ၊ အရံစေတီတော်(၁၂)ဆူနှင့် ထီးတော်များ ရွှေသင်္ကန်းကပ်လှူခြင်းကိစ္စများကိုလည်း လှူဒါန်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်းနှင့် ရတနာစိန်ဖူးတော် ၊ ရွှေငှက်မြတ်နားတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကိုလည်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပဆောင်ရွက် တင်လှူပူဇော်သွားရန် ရည်ရွယ်ပြင်ဆင်ထားကြောင်း စသည်တို့ကိုလျှောက်ထားခဲ့ပြီး ကြွရောက်တော်မူလာကြသော ဆရာတော်များက ပြန်လည်ဆွေးနွေးမိန့်ကြားခဲ့သည်။
ယင်းနောက် အတည်ပြုချက်များ ဖတ်ကြားလျှောက်ထားခဲ့ပြီး ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။