အဓိကအကြောင်းအရာသို့ သွားမည်
x

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် လိုအပ်သည်များ ကြိုတင်စီမံပြင်ဆင်ထားနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်စားရေရိက္ခာဖူလုံရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် လိုအပ်သည်များ ကြိုတင်စီမံပြင်ဆင်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအသီးသီးမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကယားပြည်နယ် အတွင်း အယ်လ်နီညိုဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ရှေ့ကာလတွင် ဖြစ်ပေါ် လာနိုင်သည့် အပူချိန်မြင့်တက်မှု၊ မိုးရွာသွန်းမှုမမှန်ကန်မှု၊ ရေရှားပါးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ ထိခိုက်နိုင်မှုတို့ကို ကြိုတင်ခန့်မှန်းသုံးသပ်ပြီး ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည် နေရာ၊ ကဏ္ဍတစ်ခုတည်းကိုသာ သက်ရောက်မှုရှိခြင်းမဟုတ်သည့်အတွက် ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းများကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ ရေကို ထိရောက်စွာ အသုံးချ နိုင်ရေးသာမက သက်တမ်းတိုအကြမ်းခံ စိုက်ပျိုးသီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ပေးရန် ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း သန့်ရှင်းသော သောက်ရေလုံလောက်ရေး၊ အရိပ်အာဝါသ ကောင်းမွန်ရေး၊ အပူဒဏ်လျော့နည်းစေရေးနှင့် ရောဂါတားဆီးကာကွယ်နိုင်ရန် လိုအပ်သည့် ဆေးဝါးများ အရန်သင့်စီမံထားရန်လိုကြောင်း၊ ရေရှားပါးမှု ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရန်၊ အပူချိန်အလွန်မြင့်မားလာသည့် အခြေအနေတွင် ပြည်သူများ အနားယူနိုင်ရန်အတွက် သင့်လျော်သည့်နေရာများတွင် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်နှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီပေးနိုင်ရန် စီမံထားရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ သည်။ ထို့နောက် အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်သည့် အသိပညာပေး Video Clip ကို ပြသခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန်အချက်များကို တင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များကို စနစ်တကျ လိုက်နာအကောင်အထည်ဖော်ရန်နှင့် အယ်လ်နီညို ဖြစ်စဉ် အပေါ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ရပ်ကွက် ကျေးရွာအဆင့်အထိ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေး ကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ပြည်နယ်စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေး အတွက် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ကယားပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းစားသုံးမှုဖူလုံရန်အတွက် အခြေခံစားသောက်ကုန် ထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း (၄) သွယ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို သီးခြားလုပ်ကိုင်ခြင်းထက် လုပ်ငန်းနှစ်ရပ်ချိတ်ဆက်လုပ်ကိုင်ပါက ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက စားရေရိက္ခာမူဝါဒကော်မရှင်၏ (၁/၂၀၂၆) မှတ်တမ်းပါ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအမံများကို တင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။