အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ၂၀၂၆ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်အသီးသီးမှဒုတိယပါမောက္ခချုပ်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာ ဦးစီးဌာနမှ  ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ထံမှ ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ဖတ်ကြားသည်။
ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ နှင့် ကဗျာပြိုင်ပွဲ တို့တွင် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့ သည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်နှင့် လူမှုရေးရာ ဝန်ကြီးတို့က အခြေခံပညာအထက်တန်းအဆင့် နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ တို့တွင် ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုချီးမြှင့် ငွေများအား အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် လွိုင်ကော်မြို့၊ လောဓမ္မ- အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ ကျောင်းသား၊ ကျောင်းသူများက “အနန္တဂိုဏ်းဝင်မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးက အဖွင့်သီချင်းနှင့် အပိတ်သီချင်းတို့ကို တီးခတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။