အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၌ ကိုယ်တိုင်ထုတ် ၊ ကိုယ်တိုင်ရောင်းသူများ အခွန်လွတ်ဈေးသို့သွားရောက် ကြည့်ရှု့အားပေး

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသခံပြည်သူများ ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန် ၊ ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့်  အခြေခံ စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများအခွန်လွတ်ဈေးသို့ ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းသို့လှည့်လည်ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အခွန်လွတ်ဈေး၌ ရောင်းချလျက် ရှိသည့် ဆန်နှင့်ဆီများကို ပြင်ပဈေးနှုန်းနှင့် နေ့စဉ်ကာလပေါက်ဈေးထက် သက်သာသော နှုန်းထားဖြင့်ရောင်းချပေးစေလိုကြောင်း ၊  သက်ဆိုင်ရာဌာနများက အခြေခံ စားသောက်ကုန်များကို ဝယ်လိုအားနှင့်အညီ ထုတ်လုပ်ရောင်းချပေးစေလိုကြောင်း ၊ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ဦးစားပေးရောင်းချကြရန်လိုကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခွန်လွတ်ဈေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီးဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အဆိုပါဈေးတွင် ကယားပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း ၊ ဆီလုပ်ငန်းရှင်များအသင်း တို့က ဒေသထွက်ဆန်များ ၊ ဒေသထွက်စားသုံးဆီများကိုလည်းကောင်း ၊  ကိုယ်တိုင်စိုက်/မွေး တောင်သူများ၏ ခြံထွက်သီးနှံများ နှင့် ကြက်ဥ ၊ ဘဲဥ ၊ ငါး များကိုလည်းကောင်း ၊ ပြည်တွင်းစက်ရုံများ မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများကို လည်းကောင်း ၊ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက လာရောက် ဝယ်ယူအားပေးလျက်ရှိ  ကြောင်း နှင့် ကိုယ်တိုင်ထုတ် ၊ ကိုယ်တိုင်ရောင်းသူများ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များကို  နေ့စဉ် နံနက် ၆ နာရီအချိန်ခန့်မှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်းသိရသည်။