အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဝန်ကြီးချုပ် ၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏  ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမ သို့သွားရောက်ကြည့်ရှုခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစား ခန်းမအတွင်း အားကစားအထောက်အကူပြုပစ္စည်းများ အသုံးပြုပုံသရုပ်ပြနေမှုများ ၊ အားကစား အထောက်အကူပြု စက်ပစ္စည်းများတပ်ဆင်ပြီးစီးမှုအခြေအနေအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က စက်ပစ္စည်းများအားစနစ်တကျ တပ်ဆင်နေရာချထားပြီး အမြန်ဆုံးဖွင့်လှစ် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်ရန် ၊  စက်ပစ္စည်းများအားအသုံးပြုသူများကလည်း စည်းကမ်းရှိစွာ အသုံးပြုကြစေရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ၊ ပညာရေး ၊ ကျန်းမာရေး အဆင့်အတန်းများ မြင့်မားလာစေရေးအတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သော လူငယ် များကိုပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေးအတွက် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားခန်းမအတွင်း ခေတ်နှင့်လျော်ညီသော အားကစားအထောက်အကူပြုပစ္စည်း များအား ပံ့ပိုးဖြည့်ဆည်းပေးပြီး  ပြည်သူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊  လူငယ်မောင်မယ်များ သာမက သက်ကြီးရွယ်အိုများကလည်း ကျန်းမာရေးအတွက် လာရောက်အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

အဆိုပါ ခန်းမအတွင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားအထောက်အကူပြုပစ္စည်း (၂၆) မျိုးတို့ကို ဝယ်ယူတပ်ဆင် ပေးထားပြီးဖြစ်ကြောင်းသိရှိရသည် ။