အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ ၊ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့ရွာသန့်ရှင်းသာယာလှပရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် အဖွဲ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ် နေမှုများ ၊ သစ်ပင်ခြုံနွယ်ခုတ်ထွင်ရှင်းလင်းနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်း၌ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် (၂)ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးစေရေးနှင့် အရည်အသွေးများ ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းသွားရောက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်း နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။