အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ လွိုင်ကော်မြို့ ၊ အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌  ယနေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး  ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းနည်းပြများ ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ၊  နယ်စပ်ဒေသတိုင်းရင်းသားသူများ၏ မိသားစုဘဝမြင့်မား လာစေရေးနှင့် မိမိနိုင်ငံအတွင်း လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ အခမဲ့ အသက်မွေးပညာသင်တန်းများကို တာဝန်ယူ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ၊ ယနေ့ လူငယ်များ၏ဖျတ်လတ် တက်ကြွပြီး ကြိုးစားလိုစိတ် နှင့် ကြိုးစားနိုင်သည့် ခွန်အားများကို လက်တွေ့အသုံးချကာ အသိပညာ ၊ အတတ် ပညာများပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ မွေးထုတ်ပေးရန်လိုကြောင်း ၊ သင်တန်းသူများ အနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် အိမ်တွင်းလက်မှုပညာရပ်များကိုအခြေခံ၍ မိသားစုဝင်ငွေတိုးစေမည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ နှင့် ခိုင်မာစွာရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း ၊ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားစုများကို အထောက်အကူပြုနိုင်မည့် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း  ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာ နှင့် အလုပ်အကိုင်များ ရရှိစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က သင်တန်းကာလအတွင်း သင်တန်းနည်းပြများနှင့် သင်တန်းသူများ၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်မှု  နှင့် လှုပ်ရှားမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)၌ သင်တန်း ထူးချွန်ဆုရ သင်တန်းသူတစ်ဦးအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက မြို့နယ်အလိုက် သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းနည်းပြများ ၊ သင်တန်းသူများ နှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားကာ သင်တန်းသူများ၏ အိမ်တွင်းမှုလက်ရာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။