အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင်များ ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များနှင့်လုပ်ငန်းရှင် များ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး တို့က ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ပြပွဲအတွင်းခင်းကျင်းပြထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်း ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းအသီးသီးခင်းကျင်းပြသထားသည့် ဒေသထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍  အသေးစား ၊ အငယ်စားနှင့် အလတ်စားထုတ်ကုန် ပစ္စည်းများကို ဒေသထွက်ကုန်ကြမ်း ပစ္စည်းများအား အခြေခံ၍ ကုန်ချောထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး အဆင့်မြင့်တင်  ဆောင်ရွက် သွားကြရန် ၊ စပါး ၊ ဆီထွက်သီးနှံများနှင့် ပြောင်းသီးနှံများကို သီးထပ်သီးနှံအဖြစ် စိုက်ပျိုးနိုင် ရေးဆောင်ရွက်သွားကြရန် ၊ တိုင်းရင်းသားရိုးရာအထည် ထုတ်ကုန်များ ၊ ဒေသထွက် စားသောက်ကုန်များအား ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရန် ၊ ထုတ်ပိုးမှုစနစ်များကို အဆင့်မြှင့်တင် ထုတ်ပိုးနိုင်ရန်နှင့် စက်မှုထုတ်ကုန်များကို ယခု ထုတ်လုပ်လျက်ရှိသည့် အမျိုးစားများအပြင် အမျိုးစားအသစ်များ ထပ်မံထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအား မှာကြားခဲ့သည်။

အဆိုပါ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြပွဲတွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍  သစ်အခြေခံထုတ်ကုန်ပစ္စည်းများ ပြခန်း ၊ သမဝါယမထုတ်ကုန်ပစ္စည်းများပြခန်း ၊ ငါးနှင့်ရေထွက်ပစ္စည်းထုတ်ကုန် ပစ္စည်းများ ပြခန်း ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားများ အိမ်တွင်းမှုသက်မွေးလုပ်ငန်းထုတ်ကုန် ပစ္စည်း များပြခန်း ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ထုတ်ကုန်ပစ္စည်းများ ပြခန်း ၊ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများပြခန်း ၊ မွေးမြူရေးထုတ်ကုန် ပစ္စည်းများပြခန်း ၊ စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများပြခန်း ၊ အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများ ပြခန်း ၊ ရက်ကန်းလုပ်ငန်းထုတ်ကုန်ပစ္စည်းများပြခန်း ၊ ဒေသထွက်ထုတ်ကုန်ပစ္စည်းများ ပြခန်းစသည့် ပြခန်းပေါင်း(၁၁)ခန်းကို ခင်းကျင်း၍ စက်တင်ဘာလ (၄) ရက်နေ့မှ (၆)ရက်နေ့ အထိပြသထားမည်ဖြစ်ပြီး အကောင်းဆုံးခင်းကျင်းပြသနိုင်မှုဆုများနှင့် အထူးဆုများကို ရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။