အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ ၊ ပညာရေးဒီဂရီကောလိပ်ကျောင်း၌ သုံးထပ်ကျောင်းဆောင်သစ်နှင့် စားရိပ်သာဆောင်သစ် တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အခြေခံပညာ ၊ အဆင့်မြင့် ပညာကျောင်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းဝန်းအတွင်း၌ သုံးထပ်ကျောင်းသားအိပ်ဆောင်သစ် ဆောက်လုပ်နေမှု၊ ယခုလာမည့် ပညာသင်နှစ်အတွက် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေစွာ ကျောင်းတက်ရောက်နိုင်ရေး ၊ ကျောင်းသားအဆောင်များ အပြီးသတ် မွမ်းမံနေမှု နှင့် ကျောင်းသားစားရိပ်သာအသစ် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းဝန်းအတွင်း၌ ကျောင်းသားအိပ်ဆောင်သစ် တည်ဆောက်နေမှုနှင့် စားရိပ်သာများ ပြင်ဆင်ဆောင်ရွက်နေမှုများကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီး စေရေးနှင့် အရည်အသွေးများ ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား ၊ ကျောင်းသူ များ၏ စားရိပ်သာသို့ သွားရောက်၍ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြပြီး ကျောင်းသား ၊ ကျောင်းသူများ စားရိပ်သာအတွက် ထပ်ဆောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။