ကယားပြည်နယ် မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ
ကယားပြည်နယ်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်ဦိးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ မြေအသုံးချမှုကော်မတီဝင်ဌာန ဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အတွင်းမြေယာနှင့် သက်ဆိုင်သောလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ဌာနအသီးသီးက ဥပဒေ ၊ နည်းဥပဒေ ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ရန် ၊ လယ်ယာမြေနှင့် သက်ဆိုင်သော အမှုကိစ္စရပ်များ အမြန်ပြီးပြတ်မှုရှိစေရေး ဆောင်ရွက်ရန် ၊ လှပ်မြေ များဖော်ထုတ် စိုက်ပျိုးနိုင်မှုတိုးတက်စေရေး ၊ ဥပဒေနှင့်အညီ တောင်သူများအား ပုံစံ(၇)နှင့် မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ၊ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းများနှင့်ပါတ်သက်သည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေးတို့ကို သက်ဆိုင်သည့် ဌာနဆိုင်ရာများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ၊ ပြည်နယ်အတွင်း ထင်းစိုက်ခင်း ၊ ဝါးစိုက်ပျိုးရေးလုပ်ငန်းများကို စီမံချက်ပါအတိုင်း အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သစ်တောဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက မြေအမျိုးအစားအလိုက် ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက လယ်ယာမြေများတွင် သီးနှံအလိုက် စိုက်ပျိုးထားရှိမှု အခြေအနေများကို လည်းကောင်း ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြမှုများ အပေါ်ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။