အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါဆိုလအတွင်း သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာသီတင်းသုံးနိုင်ရေးနှင့် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ် ပြုနိုင်ရေးတို့အတွက်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေတောင်ကျောင်းတိုက် ဆရာတော်နှင့် မင်းကျောင်းစာသင်တိုက် ဆရာတော်တို့ထံ သွားရောက်ဖူးမြော် ကြည်ညို ကြပြီးကျောင်းအတွင်း ဆွမ်း ၊ ကွမ်းပြည့်စုံစေရေးအတွက် လှူဖွယ်ဝတ္ထု ငွေများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် မင်းကျောင်း စာသင်တိုက်တို့၌ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ ခြင်အန္တရာယ်များ ကင်းဝေးစေရေး အတွက် သစ်ပင်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းနေမှုများ ၊  ရေနှုတ်မြောင်းများ ဆယ်ယူခြင်း နှင့်အမှိုက်များသယ်ယူနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

                    အလားတူ ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင်လည်း ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။