အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၃ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ ၊ ကျောင်းများနှင့် ဂုဏ်ထူးရ ကျောင်းသား ၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၃ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ ၊ ကျောင်းများနှင့် ဂုဏ်ထူးရထူးချွန် ကျောင်းသား ၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ဂုဏ်ထူးရ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “ပညာရည်ထူးချွန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ်များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ထူးချွန်ထက်မြက်သည့် အသိပညာရှင် ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် ပညာရေးမြင့်တင်မှုများကို အဓိကအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စက်မှု ၊ နည်းပညာ ၊ အာကာသနှင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များသည် အခြေခံပညာရေးကတစ်ဆင့် မြစ်ဖျားခံခဲ့ခြင်းဖြစ်ကြောင်း ၊ နိုင်ငံတကာပညာရေးနှင့် ရင်ဘောင်တန်းနိုင်သည့် အခြေခံပညာရေးစနစ်မှသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင် သည့်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ ကျောင်းသား၊ ဆရာ ၊ မိဘ ၊ ကျောင်းအကျိုးတော်ဆောင် ၊  ရပ်မိရပ်ဖတို့က သက်ဆိုင်ရာဌာနများနှင့်ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များဖြစ်သည့် လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးများအား လည်းကောင်း ၊ အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်း ကျောင်း ၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများအား လည်းကောင်း ၊ ပြည်နယ်အတွင်း ထူးချွန် (၆) ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ သည်။

ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ထူးချွန် (၅)ဘာသာ ၊ (၄)ဘာသာ ၊ (၃)ဘာသာ ၊ (၂)ဘာသာနှင့် (၁)ဘာသာဂုဏ်ထူးရှင်များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

 ဆက်လက်၍ အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူ များက “ပညာရေး” သီချင်းဖြင့် သီဆိုဖျော်ဖြေပိတ်သိမ်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ၊ အောင်ချက်အကောင်းဆုံးဆုရမြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ ၊ ထူးချွန်ကျောင်းသား ၊ ကျောင်းသူများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးရ ထူးချွန်ကျောင်းသား ၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။