အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေး ကိုလွိုင်ကော်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်း ကစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် အဖွဲ့က ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)နှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ် တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ၊ ဒီဂရီကောလိပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများအားလုံး သန့်ရှင်းသာယာ လှပရေး ၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ် ကောင်းမွန်စေရေး ၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင်ရေးတို့အတွက် ကျောင်းအုပ်ကြီးများနှင့် ဆရာ ၊ ဆရာမများက သက်ဆိုင် သည့်ဌာနများ ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ၊ ဆရာ ၊ ဆရာမများက ဘက်စုံပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ ဥတ္တရာရုံ တံတားနှင့် ကျောက်ပြားတံတားသို့ သွားရောက်၍ မြို့တွင်းရေပေးဝေရေး လုပ်ငန်းများနှင့် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကိုလမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။