အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား ၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား ၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ် ပါမောက္ခချုပ်များ ၊ ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ၊ ကျောင်းသူများက မြတ်ဆရာ သီချင်းဖြင့် သီဆို၍အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကယားပြည်နယ်အပါအဝင် နိုင်ငံအတွင်း အခြေခံပညာကျောင်းများ၌  လိုအပ်နေသည့် အရည်အသွေးပြည့်ဝသော မူလတန်းပြဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရရှိပြီးမောင် ၊ မယ်များ အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရက အမျိုးသား ပညာရည် မြင့်မားရေးကို အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာ ကဏ္ဍတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစတင်၍ သင်ရိုးသစ်၊ သင်ကြားနည်းစနစ် အသစ်များ နှင့်အတူ လက်တွေ့ကျသည့်ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ( ၂၀၂၁-၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ကျောင်းသား ၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးထားကြောင်း ၊ ပညာသင်ကြားရေး တာဝန်ယူကြရမည့် ဆရာ၊ ဆရာမ များအနေဖြင့် ဆရာ့ကျင့်ဝတ်များနှင့်အညီနည်းမှန်လမ်းမှန် ညွှန်ပြပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ပီသစွာနှင့် မိမိကျရာ အခန်းကဏ္ဍ၌ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ သင်တန်း စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး သင်တန်း ကာလပြီးဆုံးသည်အထိ ကြိုးစားသင်ယူ ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းနှင့် ကျောင်းသား ၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ကျောင်းသား ၊ ကျောင်းသူများက တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ပြည်နယ် စီးပွားရေးရာ ဝန်ကြီးဦးစိန်ဦးက ကပြဖျော်ဖြေသွားသည့် အကအဖွဲ့နှင့် အဖွင့်သီချင်း သီဆိုသွား သောအဖွဲ့များ အားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် အကအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြော ကြားခဲ့ကြောင်းသိရသည်။