အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၏သားသမီးများအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ နှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားလွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင် စရိတ်၊ ကျောင်းဝတ်စုံ နှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂါတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်ရာ တွင်ပညာရေးသည် အဓိကကျကြောင်း ၊ ယခုကဲ့သို့ ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ရခြင်းမှာ ကျောင်းဖွင့်ကာလတွင် ဝန်ထမ်းသားသမီးများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ၊ ဝန်ထမ်းမိဘများ အနေဖြင့် မိမိတို့သား ၊ သမီးများ၏ အနာဂတ် ကောင်းမွန်စေရန် အခြေခံပညာအဆင့်မှ တက္ကသိုလ်ပညာအဆင့်ထိ ပညာအမွေပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြရန် ၊  အနာဂတ် တွင်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင် ပေးကြရန်နှင့် သားငယ် ၊ သမီးငယ်များကလည်း စည်းကမ်းကောင်းမွန်သည့် ဘက်စုံထူးချွန်သော မောင်/မယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၏ ကျောင်းနေ သား ၊ သမီး (၃၂၉)ဦးအား ပညာသင်စရိတ် ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား ၊ ကျောင်းသူများ နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျောင်းသားမိဘများကိုယ်စား မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဝန်ထမ်း သား ၊ သမီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။