အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

က‌မ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစား သမားများအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက္ကသိုလ် ၊ ကောလိပ်ကျောင်းများ ၊ ပြည်နယ်အားကစား ဆပ်ကော်မတီများသို့ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ပြည်နယ်အားကစား ဆပ်ကော်မတီ များနှင့်ဆုရအား ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ကယားပြည်နယ်မှ နိုင်ငံလက်ရွေးစင် ကစားသမားများ အဖြစ်အားကစားနည်း(၆)မျိုးအတွက် လက်ရွေးစင် ကစားသမား (၁၂)ဦး ရွေးချယ်ခံခဲ့ရပြီး ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ  အသီးသီး ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြရာ နိုင်ငံ့ဂုဏ်ဆောင် ပြည်နယ်ကိုယ်စားပြု ထူးချွန်အားကစားသမားများအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ၊ ခေတ်အဆက်ဆက်တွင် ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အမြောက်အများ မွေးထုတ်ပေးနိုင်ခဲ့ရာ ပြည်နယ်၏ သမိုင်းအစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်   ၊ ၂၀၂၄ ခုနှစ် အတွင်းကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲ များတွင် အဆင့်မီမီယှဉ်ပြိုင်နိုင်စေရန် အားကစားနည်းများ ၊ အားကစားသမား အရေအတွက်များ ယခုနှစ်ထက်ပိုမို တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားကြ ရန်၊နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်သည့် နိုင်ငံ့အားကစားသမားကောင်း များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်(ခွန်ခမာ)အားကစားနည်းတွင် (၄၈) ကီလိုတန်းပြိုင်ပွဲ၌  ဒုတိယငွေတံဆိပ်ဆုရရှိသော မမေသဇင်ထူး ၊ ဗိုဗီနမ်(ခွန်ခမာ)အားကစားနည်းတွင် (၅၁) ကီလိုတန်းပြိုင်ပွဲ၌  တတိယကြေး တံဆိပ်ဆုရရှိသော မမာရီနာ ၊ တိုက်ကွမ်ဒို အားကစားနည်းတွင် စိတ်ကြိုက်ဖန်တီးမှု ကကွက်ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်ဆု ရရှိသော မနှိုင်းဧကရီစိုး နှင့် အသင်းလိုက်ပြိုင်ပွဲ ခရစ်ကတ်အားကစားနည်းတွင် တတိယကြေးတံဆိပ်ဆု ရရှိသော မဇွန်လင်း တို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက  ပြည်နယ်ကိုယ်စားပြု နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြု မှတ်တမ်းလွှာ ၊ ဂုဏ်ပြုဆုငွေများနှင့် ပြည်နယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ် ၊ ကောလိပ်ကျောင်းများ ၊ ပြည်နယ်အားကစား ဆပ်ကော်မတီများသို့ အားကစား ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၃ခုနှစ် ၊ (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများကိုယ်စား ဒုတိယငွေတံဆိပ်ဆုရ အားကစားသမား မမေသဇင်ထူး က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

၎င်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင် မှတ်တမ်း VIDEO အား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်ကိုယ်စားပြု နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် ပြည်နယ်အားကစားဆပ်ကော်မတီဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။