အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်(၂၉) သူနာပြု - သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်း ၊ သင်တန်းသား ၊ သင်တန်းသူများ၏ ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အရေးပါသူများဖြစ်၍ စာပေပညာသင်ကြားရာ၌ သင်ရိုးညွှန်းတမ်းများအဆင့်မြင့်မားရေး ၊ သူနာပြု စွမ်းဆောင်ရည် မြင့်မားရေး၊ သူနာပြုပညာကို စဉ်ဆက်မပြတ် သင်ကြားခွင့်ရရှိရေး ၊ လုပ်ငန်းခွင် အခွင့်အရေးများရရှိရေးနှင့် အခြား လိုအပ်ချက်များအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ ဆရာ ၊ ဆရာမများအနေဖြင့် သင်တန်းသား ၊ သင်တန်းသူများကို အသိပညာ၊ ဗဟုသုတ၊ စွမ်းရည်၊ စိတ်ဓါတ်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးရန်လိုကြောင်း ၊  သင်တန်းသား၊သင်တန်းသူများကလည်း အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ပညာရပ်များကို သင်ယူမှတ်သား ကြရန် ၊ သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များကို အလေးထားပြီး ကျွမ်းကျင်မှု အရာသာမက စိတ်ရင်း စေတနာပြည့်ဝစွာနှင့် စောင့်ရှောက်ပေးနိုင်သူများ ဖြစ်အောင်ကြိုးစားအားထုတ်ကြရန် ၊ တာဝန်သိစိတ်၊ နိုင်ငံချစ်စိတ်ဖြင့် ပြည်နယ်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်သော သူနာပြုကောင်းများဖြစ်လာအောင်   ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေက  သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များ ၊ ဆက်လက် လေ့လာဆည်းပူးရမည့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေနှင့် ဆန် ၊ ဆီများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေက  လည်းကောင်း ၊ ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသော သင်တန်းသား ၊ သင်တန်းသူများအားဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရသင်တန်းသား ၊ သင်တန်းသူများကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး ကျောင်းအုပ်ကြီး နှင့်တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ကြသည်။
ဆက်လက်ပြီး သင်တန်းသား ၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆို၍ ဂရုဏာ အလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြပြီး သင်တန်းသား ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။