အဓိကအကြောင်းအရာသို့ သွားမည်
x

မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး ပထမအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်သဘာဝ ဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်း ဆိုင်ရာသတင်း အချက်အလက်များအပေါ်အခြေခံ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးခဲ့ပြီး ဘေးဒဏ်ခံခဲ့ရသည့် ဒေသများတွင်ကူညီ ကယ်ဆယ် ရေးနှင့်ပြန်လည်ထူထောင်ရေးတို့ကို လျင်မြန်စွာ စီမံဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်မတည်၍ ပြည်ထောင်စုအတွင်းရှိ မုန်တိုင်းသင့် ဒေသများတွင် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ အထောက်အကူပြု အသုံးပြု နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ စေတနာရှင် အလှူရှင် ပြည်သူများပါဝင်သည့် ပထမအကြိမ် စုပေါင်းလှူဒါန်းပေးအပ်သည့် အလှူငွေများကို သဘာဝ ဘေးဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ဆက်လက်ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း ၊ စေတနာရှင် အလှူရှင် ပြည်သူများ အနေဖြင့်နိုင်ငံတော်ကို အကျိုးပြုသောလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။
                
ထို့နောက် စေတနာရှင်အလှူရှင်ပြည်သူများက မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အသီးသီး လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယနေ့ ပထမအကြိမ်အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုမှ စုပေါင်းလှူဒါန်းငွေကျပ်(၈၆၂၃၃၁၀၀)သိန်းဖြစ်ကြောင်း သိရှိရသည်။