အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၉/၂ဝ၂၂) ကျင်းပ

ကယားပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ၎င်းတို့ကို အခြေခံသော ကုန်ထုတ်လုပ်မှုများ စဉ်ဆက်မပြတ် တိုးတက်စေရေး အထောက်အကူ ပြုစေရန် ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို စိုက်ပျိုး မွေးမြူရေး အစုအဖွဲ့များထံသို့ ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် တိုးတက်အောင်မြင်အောင် စစ်ဆေးကြပ်မတ် ကူညီဆောင်ရွက်ပေးနေရန်လိုကြောင်း ၊ ယခုထပ်မံ ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများက စနစ်တကျ ကွင်းဆင်းစိစစ်ခြင်း ၊ အတည်ပြုခြင်း ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ပံ့ထုတ်ပေးခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ” ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ အစုအဖွဲ့လိုက် ဆောင်ရွက်မည့် အစီအစဉ်များ ချေးငွေထုတ်ပေးမှုများ၊ ချေးငွေထပ်မံ လျှောက်ထားမှု များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။