အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်အတွက် မတည်ထောက်ပံ့ငွေအဖြစ် ပေးအပ်သော ကျပ်(၁၀)ဘီလီယံကို ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများတွင် သုံးစွဲရာ၌ချမှတ်ပေးထား သောအခြေခံမူများ ၊ ညွှန်ကြားချက်များ ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ ၊ တည်ဆဲဘဏ္ဍာရေးဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၊ ပြည်နယ်အတွက်အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထု ကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်နိုင်ဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို သုံးစွဲရာတွင် ဆောင်ရွက်ရမည့် အခြေခံမူများ ၊ ပြည်နယ်အစိုးရအဖွဲ့ ၊ မြန်မာ့စီးပွားရေးဘဏ် ၊  ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့က ဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ၊ စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ ၊ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း လုပ်ငန်းများ ၊ ချေးငွေသက်တမ်းကာလ ၊ အတိုးနှုန်းနှင့် အတိုးကောက်ခံမည့်ကာလ သတ်မှတ်ချက်များ ၊ ချေးငွေဖြင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက  မိမိဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ သုံးစွဲခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က တင်ပြဆွေးနွေးမှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။