အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့နှင့် လွိုင်ကော်မြို့နယ် မြို့မိ/မြို့ဖများ ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့နှင့် လွိုင်ကော်မြို့နယ် မြို့မိ/မြို့ဖများ ၊  လူမှုကူညီရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ လွိုင်ကော်မြို့နယ် မြို့မိ/မြို့ဖများ ၊ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဘိုးဘွားရိပ်သာ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့မိ/မြို့ဖများ ၊  လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ခံများ က တစ်ဦးခြင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်းတွင် လူမှုကူညီရေးအသင်းအဖွဲ့များက ပြည်နယ်အကျိုး ၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ မူလရည်ရွယ်ချက်အတိုင်း လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းတာဝန်များကို ဥပဒေများ ၊ နည်းဥပဒေများအရ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး ၊ စားဝတ်နေရေး ၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး ၊ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ၊  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ် ၊ ကုသ ၊ ထိန်းချုပ်နိုင်ရေး ၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ် များအတွက် ပညာရေးစသည့် လုပ်ငန်းများကို ကြိုးစား၍ စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြု၍ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၊   ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့မိ/မြို့ဖများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပြည်နယ်အစိုးရအဖွဲ့ ၊ သက်ဆိုင်ရာဌာနများ နှင့် စဉ်ဆက်မပြတ်ပူးပေါင်း၍ ဆက်လက်ပြီးလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပြည်နယ်သည် အမြန်ဆုံးပြန်လည် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့မိ/မြို့ဖများ နှင့် လူမှုကူညီရေး အသင်းအဖွဲ့အသီးသီးတို့က လုပ်ငန်းဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လိုအပ်ချက်များကိုဆွေးနွေး တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများအပေါ် ပွင့်လင်းမြင်သာ စွာဖြင့် ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူမှုရေးအသင်းအဖွဲ့ (၁၄)ဖွဲ့ ၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၃)ခုနှင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်းသိရသည်။