အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားသို့တက်ရောက်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနား ကိုယနေ့နံနက်(၉)နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အကျိုး ၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပုံမှန်ဆောင်ရွက်နေရသော လုပ်ငန်းများသာမက ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော ရှာဖွေကယ်ဆယ်ရေးနည်းပညာ ၊ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး အမြဲမပြတ် တပ်ဖွဲ့အလိုက် စုဖွဲ့လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုတိုင်းသည် ပြည်သူများ၏ နေထိုင်မှု ဘဝလုံခြုံရေးမှ အစပြု၍ နိုင်ငံတော်တည်ဆောက်ရေး အထိအကျုံးဝင်ကြောင်း ၊ မီးသတ်လုပ်ငန်းသည် တစ်ဦးတစ်ယောက်ထဲ မရပဲမီးသတ်တပ်ဖွဲ့ဝင်များ ၊  တာဝန်ရှိသူများနှင့် ပြည်သူများ၏ စုပေါင်း စွမ်းအားဖြင့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင်နိုင်ကြောင်း ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်က လက်ခံရယူခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ အသုံးပြုသည့် ကြိုးဆင်းစနစ်များဖြစ်သည့် တစ်လှမ်းခြင်းဆင်းနည်း ၊ ခုန်ဆင်းနည်း ၊ ဇောက်ထိုးဆင်းနည်း၊ ရိုးရိုးဆင်းလူနာကယ်ဆယ်နည်း၊  လူနာပါအောက်ချနည်းများနှင့် ဆီသိုလှောင်ကန် မီးလောင်မှုအား မီးငြှိမ်းသတ်သည့် နည်းစနစ်များကို လက်တွေ့သရုပ်ပြသခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်း နည်းစနစ်များ သရုပ်ပြသခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။