အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ဖြင့် ကဏ္ဍပေါင်းစုံမှကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ နိုင်ငံတော်အနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသားများ၏ အရေးကိုအလေးထားပြီး ဆောင်ရွက်ပေးနေကြောင်း ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မိမိတို့နိုင်ငံတွင် တိုင်းရင်းသားများ၏ အရေးကို ဆောင်ရွက်ရာ၌ တိုင်းရင်းသားအားလုံး တစ်ပြေးညီအကျိုးခံစားခွင့်ရှိကြောင်း ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက အပြန်အလှန်လေးစားယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်မှသာ အရှိန်အဟုန်ဖြင့် တိုးတက်လာမှာဖြစ်ကြောင်း ၊ တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး မိမိဒေသ ဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓါတ်ဖြင့် ထမ်းဆောင်နိုင်စေရန်အတွက် ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို တည်ထောင်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ၊ အဓိကအားဖြင့် ပြည်ထောင်စုစိတ်ဓါတ် ရင့်သန်သော ပြည်ထောင်စုသားများ ဖြစ်လာမည့် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ၊ ပြည်နယ်ကိုယ်စားပြု တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများတွင် တိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး  ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြစေလို ကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတက်ရောက်မည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် က သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း(၄၇)ဦးအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေကျပ် ၇၂,၈၈၀၀၀ အား ပေးအပ်ရာ သင်တန်းသား ၊ သင်တန်းသူများကိုယ်စား ကိုယ်စားလှယ် (၂) ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ပေးမှုဖြင့် သင်တန်းသား ၊ သင်တန်းသူများကို သက်ဆိုင်သည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ အဆင်ပြေစွာ သွားရောက်နိုင်ရေးအတွက် စီစဉ်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။