အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် ၁၃၈၃ ခု ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊အလှ ဆုချီးမြှင့်ခြင်း နှင့်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ၁၃၈၃ ခု ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊အလှ ဆုချီးမြှင့်ခြင်း နှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ (သင်္ကြန်အတက်နေ့ ) မွန်းလွဲပိုင်းကနောင်ယား (ခ) ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည့် သင်္ကြန်ယိမ်း အကပြိုင်ပွဲတွင် ပထမဆုရရှိသည့်    နွေဦးရွှေပန်းချီ     ယိမ်းအဖွဲ့ ၊ ဒုတိယဆုရရှိသည့်        ပန်းပိတောက်ယမင်းပျို      ယိမ်းအဖွဲ့ ၊  တတိယဆုရရှိသည့် မင်္ဂလာသင်္ကြန် ယိမ်းအဖွဲ့နှင့် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များအား ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သင်္ကြန်ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခို သီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက အတာသင်္ကြန်ရေပက်ဖျန်းကြကာ ပထမဆုရရှိသည့် ယိမ်းအဖွဲ့မှ ပြန်လည်ကပြဖျော်ဖြေပြီး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကြီးအား ပိတ်သိမ်းခဲ့သည်။
လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှစတင်ပြီး သင်္ကြန်အတက်နေ့ အထိ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်အသီးသီးတွင် ယိမ်းအကအလှပြိုင်ပွဲများ ၊ ဖျော်ဖြေပွဲများ ၊ ခေတ်ပေါ် တေးဂီတများဖြင့် မြန်မာ့နှစ်သစ်ကူးတွင် ပြည်သူများအား အပန်းဖြေစေနိုင်ရေးအတွက် ဖျော်ဖြေပေးခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နေ့စဉ်စတုဒိသာ ကျွေးမွေးလှူဒါန်း၍ သင်္ကြန်မောင်မယ်များက သင်္ကြန်ရေပက်ဖျန်းကြကာ အေးချမ်းပျော်ရွင်စွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကြီးကို ဆင်နွှဲခဲ့ကြကြောင်းသိရသည်။