အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၁ -၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ  ကယားပြည်နယ်တွင် လွိုင်ကော် ၊ ဘော်လခဲ ၊ ဖားဆောင်း ၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁ -၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး စာမေးပွဲခန်း ကြီးကြပ် ဆရာ ၊ ဆရာမများအား ထောက်ပံ့ငွေ များပေးအပ်ခဲ့သည်။
ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ (၇၈၀)ဦးအနက် ယနေ့မြန်မာစာဘာသာရပ်အား ဖြေဆိုသည့် ကျောင်းသား ၊ ကျောင်းသူ ပေါင်း (၅၇၅) ဦး နှင့် ပျက်ကွက် (၂၀၅)ဦး ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃.၇၂) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
ပြည်နယ်အတွင်း၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ရပ်မိ ၊ ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။