အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့အပါအဝင် မြို့အသီးသီးတွင် မြို့ပြသန့်ရှင်းသာယာလှပရေး ၊  ပန်းခြံများတွင် ပြည်သူများ ပျော်ရွင်စွာ အပန်းဖြေ နိုင်အောင်ဆောင်ရွက်ပေးနိုင်ရေး ၊ မြို့ပြလျှပ်စစ်မီးလင်းရေး နှင့် လမ်းတံတားများ ကောင်းမွန်ရေး ၊ ပြည်သူများ သောက်သုံးရေရရှိရေး ၊ ဈေးများတွင် စနစ်တကျ ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်ထားနိုင်ရေး ၊ ပြည်သူ့ဘဏ္ဍာအတွက် အခွန်အခများရရှိရေး စသည့်လုပ်ငန်းများကို စည်ပင်သာယာရေး ဝန်ထမ်းများက တာဝန်ယူ ဆောင်ရွက်နေကြကြောင်း ၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက် ရာတွင် သတ်မှတ်ထားသော စည်းကမ်းဥပဒေများနှင့်အညီ တက်တက်ကြွကြွကြိုးစား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုအပ်ချက်များကို ကူညီပံ့ပိုး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၊ မြို့တော်အင်္ဂါရပ်များ နှင့်အညီ မြို့အသီးသီး၏ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများနှင့် အတူလက်တွဲ၍ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် အခြေခံစားကုန်များ ကိုလည်းကောင်း ၊ ထူးချွန်ဝန်ထမ်းများအား ချီးမြှင့်ငွေများကို ထပ်ဆောင်း၍ လည်းကောင်း ပေးအပ်ခဲ့ပြီး ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူက ဝန်ထမ်းများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။