အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက  ပြည်နယ်အနေဖြင့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ရေးရာမူဝါဒ ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲဆိုင်ရာ မဟာဗျူဟာ ၊ နှစ်တို/နှစ်ရှည်လုပ်ငန်း အစီအစဉ်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ၊ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ဒေသနှင့် သင့်လျော်သည့် နှစ်တို/နှစ်ရှည် လုပ်ငန်းလုပ်မည့် အစီအမံများရေးဆွဲရန် ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအမံများအရ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးအတွက် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများအတိုင်း ဘက်စုံစောင့်ကြပ်စစ်ဆေးကြပ်မတ်ရန် ၊  ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအပေါ် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များဆောင်ရွက်ရန် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိအမြင်ပြန့်ပွားရေး ၊ ပညာပေးရေးကိစ္စရပ်များ ဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ၊ ဦးမင်းသိန်းက လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ မိမိတို့ဌာနအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များမှ လွိုင်ကော်မြို့နယ်တွင် အဆောက်အဦများ တည်ဆောက်လျက်ရှိသော ကွန်ပျူတာတက္ကသိုလ် ၊ ပညာရေးကောလိပ် နှင့် နောင်ယားကန်သာ နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်ဆောင်ရွက် ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။