အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိကေ့ထျိုးဘိုးဂေါပကအဖွဲ့ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများက တစ်ဦးခြင်းမိတ်ဆက်စကားပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အကျိုးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များ ၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ပူးပေါင်းဆောင်ရွက်မှုများ ၊ အကြံဉာဏ်များလည်း လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း ဥပဒေပြဌာန်းပေးထားပြီးဖြစ်ပါ၍ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးနေပါကြောင်း ၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေး ၊ တိုင်းရင်းသားအားလုံး ဥပဒေနှင့်အညီ လွတ်လပ်စွာနေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားများနှင့်အတူ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ပြည်သူများ၏လုံခြုံရေး ၊ စားဝတ်နေရေး ၊ ကျန်းမာရေး ၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် ပညာရေး၊ ပြည်သူများအတွက် စိုက်ပျိုးရေး ၊ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြိုးစား၍ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ကုသ ဆေးများ ၊ အောက်စီဂျင်စက်များ အလုံအလောက် ထားရှိပေးထားပါကြောင်း ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူများက အတူလက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်မည်ဆိုပါက ပြည်နယ်သည်အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသီးသီးက ၎င်းတို့ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်းသိရသည်။