အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်တပ်နယ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ လွိုင်ကော်မြို့ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ဆက်လက်၍ “သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရ လွိုင်ကော်မြို့ ၊ တပ်ဦးဗဟိုသာသနာပြုကျောင်း ဆရာတော် ဘန္ဒန္တပညာနန္ဒက “သမ္မောဒနီယဩဝါဒကထာ” မြွက်ကြားချီးမြှင့်တော်မူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး တို့က ၂၀၂၂ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းခံရသည့်     ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်ပူဇော် လှူဒါန်းခဲ့သည်။
ထို့နောက် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်) ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် စေတနာရှင် အလှူရှင်များက ပြည်နယ်အတွင်းရှိ သံဃာတော်များအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။